ကျနော် ဒီတခါ သင်္ဘောပေါ်မှာ မီးလောင်ရင် ဘယ်လို သိနိုင်လဲ ဆိုတာလေးရေးမယ်ဗျာ
ကျနော် ရေးခဲ့တာတွေလဲ များလာပြီဆိုတော့ ဘာအကြောင်းရေးရင် ကောင်းမလဲ
ဆိုပြီးစဉ်းစားလာရတယ်ဗျာ တနည်း ပြောရရင် စာရေးဘို့ အတွက် ကုန်ကြမ်း
ရှားလာတယ်ဆိုပါတော့ဗျာ ကျနော် စိတ်ရင်းစေတနာ က
ကိုယ်ရေးတဲ့ ပို့စ်လေးတွေကို ဖတ်ရင်းနဲ့ သင်္ဘောသား ဘ၀ အစစ်အမှန် ကိုလဲ
သိစေ ရမယ်၊ရယ်စရာလဲ ကောင်းတဲ့စာ လဲ ဖြစ်စေချင်တယ်ဗျာ
ဒီလို စာမျိုးရေးဘို့ဆိုတာ ကျနော် အတွက် တော်တော်လေး ခဲယဉ်းပါတယ်ဗျာ
ဒါနဲ့ အရင်ပို့စ်တွေတုန်းက ကျနော်ရေးမိတာက အစွန်းရောက် သလိုလို၊
တချို့က လက်ရှိဖြစ်နေတဲ့ ခေတ် အခြေအနေ တွေ ကို သရော် သလိုလို
မျိုး တွေးသွားနိုင်တဲ့ အသုံးအနှုန်းလေးတွေ ပါသွားတယ်ဗျာ ကျနော် ဒီလိုမျိုး
မရည်ရွယ်ခဲ့ပါဘူး ကျနော် စာရေးတာ မပါးနပ်သေးတဲ့ အတွက်
ဖြစ်ရပါတယ်လို့ ဦးစွာ ၀န်ခံပါရစေ
ကျနော်တို့ တွေ ‘ပထမဆုံး’ သင်္ဘောသား ဘ၀ စဖြစ်တဲ့ အချိန်မှာ လူတိုင်း စိတ်ထဲမှာ
ဝန်မခံတဲ့ စိုးရိမ်မှုလေးတွေ ရှိတတ်ကျတယ်
မစဉ်းစားမိတဲ့ သူတွေတော့ မပြောတတ်ဘူး စဉ်းစားတတ်တဲ့
သူတိုင်းမှာ တခုစီတော့ ရှိကြပါတယ် ဥပမာ-တချို့က ငါ အခု စီးနေတဲ့
သင်္ဘောကြီး ရေထဲ နစ်သွားမလား တချို့က လှိုင်းလေကြီးနေတုန်း ပင်မစက်ကြီးပဲ
ရပ်သွားမလားပေါ့(ဒါကတော့ စက်ချုပ်တို့၊စက်(၂)တို့လိုအရာရှိကြီးပိုင်းတွေ
စိုးရိမ်တာများပါတယ်)၊ သင်္ဘော မီးလောင်မလားပေါ့ အင်း လူအမျိုးမျိုး၊စိတ် အထွေထွေ ဆိုတော့ တယောက်နဲ့တယောက်တော့ ဘယ်တူနိုင်ပါမလဲ ကဲ ထားတော့ ကျနော်
စိုးရိမ်တာ ကျတော့ သင်္ဘောမီးလောင်တာ ကို အစိုးရိမ်ဆုံးပဲ တနည်းပြောရရင် ပေါက်ကွဲတာပေါ့
ဘာလို့ ဒီလိုပြောရလဲဆိုရင် ကျနော်တို့ ဒေါက် ဆားဗစ်(Dockyard Services) ယူနေချိန် East Wind လိုင်းက သံမှုန့်တင်တဲ့ သင်္ဘော တစင်း ပေါက်ကွဲလို့
နစ်မြုပ်သွားတာ ကြားဖူးတယ် ကုန်းပေါက်(Cargo Hole) ကနေ တဆင့် ပေါက်ကွဲ တာဖြစ်ပေမဲ့ အင်ဂျင်ကလူတွေ က ဘာဖြစ်လို့ ဘာဖြစ်မှန်းတောင် သိလိုက်ပုံ တောင်
မရခဲ့ကျဘူးတဲ့ ရေအောက်ရောက်သွားကျတယ် လို့
အတွေ့အကြုံများတဲ့ သင်္ဘောသားကြီးတွေက
သုံးသပ်ကျပါတယ် တော်တော်လေး ကြောက်စရာ ကောင်းလှပါတယ် မျက်စိတမှိတ်
လျှပ်တပြက် အတွင်းက မမြဲတဲ့ အနိစ္စ တရားတွေပါ နောက်ပိုင်း စာတွေ သင်လာရတော
သင်္ဘောမှာ ကြုံရတဲ့ အန္တရာယ်တွေ အထဲမှာ မီးလောင်တာ(FireHazard)က
ကြောက်စရာကောင်းတယ် ဆိုတာ သိလာရတယ်
နောက်ပိုင်း ကိုယ့် တာဝန် ယူရတဲ့
အပိုင်းမှာလဲ Safety First အနေနဲ့ ‘မီး နဲ့ ပတ်သတ်ရင်’ ကို တော်တော်လေး
သတိထားမိတယ် ကျနော် ဗဟုသုတ အနေနဲ့ ပြောရရင် သင်္ဘောဆိုတာ
အခန်းပေါင်းများစွာ ဖွဲ့စည်းထားတော့
ဘယ်အခန်းမီးလောင်တယ် ဆိုတာ သိရအောင် အခန်းတိုင်း နေရာတိုင်းမှာ မီးခိုး
အချက်ပြစနစ်(Smoke Detector) တွေ၊အလိုအလျောက် ရေဖြန်းစနစ်တွေ ကို
တပ်ဆင်ထားတယ်ဗျ(သင်္ဘောသားမဟုတ်တဲ့ သူတွေကိုပါ သိစေချင်လို့
အသေးစိတ်ရေးတာပါ ) ကျနော်တို့ အိပ်ခန်းတိုင်းမှာ လဲ
တပ်ထားတယ်(ကျနော်တို့ ရွှေတွေကတော့ အခန်းထဲမှာ ဆေးလိပ်သောက်ချင်လို့
Alarm မမြည်အောင် တိပ်တွေ၊အ၀တ်စတွေ နဲ့ ကာထားကျတယ် ဒီလိုပဲ မြန်မာက
မတီထွင်နိုင်ပေမဲ့ မဟုတ်တဲ့နေရာ မှာတော့ ဥာဏ်ကောင်းတယ်ဗျ)ကျနော်ပြောချင်တာ
ဒီစနစ် အကြောင်းကို ပဲဗျာ ဒီစနစ် ကောင်းလွန်းအားကြီးတော့ ကံကောင်းလို့
ကျနော်တို့ သူငယ်ချင်းနှစ်ယောက် အလုပ်မပြုတ်၊သင်္ဘောက မပြန်ရတာလေ ဖြစ်ပုံက
ဒီလိုရယ်ပါဇာတ်လမ်းက ငါးခြောက်(ငါးမဲလုံးခြောက်)က စတာ
ကျနော်တို့ သူငယ်ချင်းနှစ်ယောက်က ညဘက်(၁၂)နာရီ ထိုးလို့ ဂျုတီပြီးရင်
စားသောက်ခန်း(Mess Room) ကို
ဝင်ပြီး ခေါက်ဆွဲပြုတ်ရင်ပြုတ်၊ကြက်ဥ ကြော်ရင် ကြော် ဒါမှမဟုတ် အိမ်က ပို့ထားတဲ့
အခြောက၊်အခြမ်းလေး တွေနဲ့ ညလည်စာ စားလေ့ရှိသဗျ
ဒီလိုနဲ့ ညတည ရောက်တော့ ကျနော် သူငယ်ချင်းက သူရဲ့လေဒီကြီး ပို့ထားတဲ့ ရှယ်
ငါးခြောက်ရှိတယ် ဆိုလေရဲ့
ကျနော် တို့ သင်္ဘောသားတွေဆိုတာ ဘယ်သူ့အိမ်က ဘာတွေပို့ထားလဲ
အမြဲနားစွင့် နေတဲ့ လူတွေ ဆိုတော့ ဘယ်ငြင်းပါမလဲ သူကို သွားယူချေ ဆိုပြီး မီးဖုတ်
ငါးခြောက်ကို ဆီဆမ်းပြီး ထမင်း လွေးမယ်ပေါ့ နှစ်ယောက်သား ဒီလိုတွေးနေကျတာ
တကယ်တမ်း ကျနော်တို့ အဖြစ်က
ဒီလိုဗျ ကျနော် သူငယ်ချင်းက ငါးခြောက် ကို ရိုးရိုး မဖုတ်ပဲ
မိုက်ကရိုဝေ့ မီးဖို ထဲ ကို ထည့်ဖုတ်သတဲ့ ကျနော်ကလဲ ကောင်းမိ ကောင်းရဲ့ ကြည့်နေ တာပေါ့ ဗျာ
သူစိတ်နဲ့ သူဆိုတော့ ကျနော်လဲဝင် မစွတ်ဘူး ကြိုက်တာလုပ် ပေါ့ ကိုယ်လူက
ဘယ်နည်းဘယ်ပုံ ခလုတ်နှိပ်လိုက်တယ် မသိ အဲ မီးဖို ထဲက လဲ ထုတ်လိုက်ရော
ငါးခြောက်ဖုတ်က မီးသွေးတုံး သာသာ ဖြစ်နေပြီ ငါးခြောက်ဖုတ်မီးကျွမ်း အနံ့ကလဲ
မီးခိုးတလူလူ ကျနော်လဲ ဟာ သွားပြီပေါ့ ဒီအထိ ပြဿနာ မဟုတ်သေးဘူး
ကျနော်တို့ Fire Alarm အသံကြားလိုက်ရချိန်မှာတော့
ကျနော်တို့ နှစ်ယောက်လုံး ခေါင်း ကို ဆင်နင်း သလို ခံစားလိုက်ရတယ်
ကျနော်လဲ မထူးဘူး ဆိုပြီး မီးခိုးတလူလူထွက်နေတဲ့ ငါးခြောက်ပန်းကန် ကို ယူပြီး
အပြင်ထွက်တဲ့ တံခါးကို ဖွင့်ပြီး အပြင်ကို တချိုးတည်း ပြေးထွက်ရတာပေါ့
ဒီအထိ ကျနော် သူငယ်ချင်း က ဘာလို့ ဒီလိုလုပ်မှန်းမသိသေးဘူး သူလဲ သူအိမ်က
ပို့ထားတာ ဆိုတော့ နှမြော ရှာမှာပေါ့ မတတ်နိုင်ဘူးဗျာ ပြီးမှ နှစ်ယောက်သား
မျက်နှာတည်တည်နဲ့ ပြန်ဝင်လာ ရတယ် အထဲကို အဲဒီအချိန်
လူတော်တော်များများ လဲ Alarm အသံကြားလို့
ဘယ်နေရာက မီးလောင်တယ် ဆိုတာ လိုက်ရှာနေကျတာလေ အိပ်နေတုံး
ပြန်ထရတာ ဆိုတော့ ပွစိပွစိနဲ့ပေါ့(သင်္ဘောပေါ်ရောက်နေတဲ့သူတွေကို
မယုံမေးကြည့် Alarm
အသံကို အိမ်က ယောက္ခမ အသံ ထက် တောင် မုန်းသေးတယ် တကယ်ပြောတာ
အိပ်ရေးပျက်လို့လေဟဲ ဟဲ) ကျနော်တို့လဲ ကြားလို့ အိပ်ယာက ထလာတယ်
ဆိုပြီး ချော်လဲ ရောထိုင်လုပ်လိုက်ရပါတော့ တယ်
ဒါတောင် ရွှေတွေထဲ က တယောက် က ငါးခြောက်ဖုတ်တူးနံ့ရတယ် လုပ်နေလို့
မနည်း ရုပ်တည်နေရတယ်ဗျာ နောက်ဆုံးတော့
Alarm Error ဖြစ်တယ်လို့ပဲ သတ်မှတ်လိုက်ကျ တော့မှပဲ ‘ဟင်း’ချနိုင်တော့တယ်
တကယ်ကြီးကိုပဲ မပြောချင်ပါဘူးဗျာ ကျနော်တို့ တွေ သတိမထားလိုက်မိတာက
မိုက်ခရိုဝေ့မီးဖို တည့်တည့်မှာ တပ်ထားတဲ့ (Smoke Detector)ဆိုတဲ့ ပစ္စည်းလေးပဲ ၊၊
ဒင်းးးးးးကြောင့်
ကျနော်တို့ နှစ်ယောက် အပြေးအလွှား ဇောချွေးပါပြန်ရတာလေ ဟူးးး
အဲဒီညက ငါးခြောက်ဖုတ်တူးလေးကတော့
ပင်လယ်ငါးစာဖြစ်လို့ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်ကတော့
ငတ်ကိန်းဆိုက်ရုံမက ကံကောင်းလို့ သင်္ဘောကို မီးရှို့မှုနဲ့ ပြန်ပို့ မခံရတာလေ
ငမဲလုံးခြောက်ရယ်၊မိုက်ကရိုဝေ့ မီးဖိုရယ်၊(Smoke Detector)ရယ် တွေ့တိုင်း ကျနော်
ကတော့ အမှတ်ရနေဆဲပါဗျာ
မျိုးငယ်(၄.၈.၂၀၁၃)
No comments:
Post a Comment