Showing posts with label အိမ်မက်ထဲက သင်္ဘောသားကြီး. Show all posts
Showing posts with label အိမ်မက်ထဲက သင်္ဘောသားကြီး. Show all posts

Friday, August 8, 2014

အိမ်မက်ထဲက သင်္ဘောသားကြီး အပိုင်း(၄)



 အိမ်မက်ထဲက သင်္ဘောသားကြီး အပိုင်း(၄)
ကော့သောင်းမြို့
မြန်မာနိုင်ငံရဲ့ အစွန်းဆုံး ၀ိတိုရိယ အငူ တည်ရှိရာနေရာ၊ရေစီးသန်တဲ့သောင်းရင်းမြစ်က တဖက်ကမ်းက
ထိုင်းနိုင်ငံ၊ရနောင်း နဲ့ စည်းခြားထားလေရဲ့
 ဒါတွေဟာ တချိန်ကဘုရင့်နောင်ခေတ်၊အလောင်းမင်းတရား တို့ခေတ်တုန်းက မြန်မာအပိုင် နယ်မြေတွေပေါ့
ကော့သောင်းမြို့ လယ်က ကုန်းမြင့် နေရာတခုကပန်းခြံထဲမှာ တော့ ဘုရင့်နောင် ရုပ်တုကြီး ရှိတယ်
ကျနော်တို့ သူငယ်ချင်း တစုလဲ ဆိုင်ကယ်ကယ်ရီလေးငှား လို့ ရောက်အောင်သွားပြီး
ဓါတ်ပုံတော့ ရိုက်ခဲ့ကျတယ် ဒီပုံလေး ပြန်ကြည့်မိတိုင်း ကျနော် ဒီနေရာလေးကို ပြန်သွားချင် မိတယ်
ပင်လယ်ကို အပေါ်က စီးမိုးကြည့်ရင်း တဖက်က မလှမ်းမကမ်းက မီးရောင်တွေ ထွန်ထွန်ညီးနေတဲ့
ရနောင်းမြို့ကိုသော် လည်းကောင်း၊ သောင်းရင်းမြစ်ထဲက သူဌေးကျွှန်းကို လည်းကောင်း
ကျနော်တို့သူငယ်ချင်းတစု မီးမှိန်မှိန် ဖြစ်နေတဲ့ ကော့သောင်း မြို့လေးကို အပေါ်စီးကနေ မိုးပြီး
ကြည့်နေမိတယ် ကွာခြားပါဘိနှယ်
ကော့သောင်းမြို့ရဲ့ ရာသီဥတုလား မမေးပါနဲ့ ဆီအုန်းပင်၊ရာဘာပင် စိုက်တဲ့ နေရာမျိုးဆိုတော့
မှန်းသာကြည့်တော့ နေ့ပူညချမ်း မိုးတွင်းဆို မိုးများတယ် လို့တော့ ပြောကျတယ်
ဒါပေမဲ့ ကျနော်တို့ ရောက်ချိန်က မိုးတွင်းမဟုတ်လို့လား မသိခဲ့ဘူးဗျာ ပူတာမှ တအား  
ကျနော် အမြင်ပြောရရင် ကော့သောင်း ဆိုတာ တဖက်နိုင်ငံက လာတဲ့(မှောင်ခိုရောအမှန်ရော)
ကုန်ပစ္စည်းတွေကို မြန်မာပြည်တွင်းကို လမ်းကြောင်း အမျိုးမျိုးနဲ့ ပြန်လည် တဆင့်ခံ ပို့ဆောင်ပေးတဲ့
ပွဲစား စီးပွားရေး မြို့လေးတမြို့ပေါ့
မှောင်ခို စီးပွားရေးလို့ ဆိုလိုက်ကတည်းက မိတ်ဆွေတို့လဲ သဘောပေါက်မှာပါ
တရုတ် ထောင်ကဲနဲ့ ကုလား မာမူ တွေ ခြေချင်းလိမ် ခွင်ရိုက် တဲ့နေရာ
 စီးပွားရေး ဆိုတာ လည်သူ စားစတမ်း ပေါ့ ကိုရွှေဗမာ ဆိုတာကလဲ ရောတီးရောရာနဲ့ ကုန်ထမ်းကူလီ
အလုပ်သမားများသာ အတွေ့များခဲ့ရတယ် အခုနောက်ပိုင်းတော့ မပြောတတ်ပါဘူး   
တောင်ကုန်းမြင့်မြင့်လေး တခုမှာ စေတီတော် တဆူ တော့ရှိတယ် ဘွဲ့တော်တော့ မမှတ်မိတော့ဘူး
တော်တော်လေး သပ္ပါယ်တယ် မိတ်ဆွေတို့ သိချင်နေတာ ကျန် အုံးမယ် အာဝါးဒေး ကိစ္စ မလား
ပြည်မက ကျနော်တို့ အတွက်တော့ အစိမ်းသက်သက်ပေါ့ တကယ်တော့ အာဝါဒေး ဆိုတာ
ကျင်းပတဲ့နေ့ရာမှာ အားလုံး ဈေးဆိုင်တွေ (အဓိကက အရက်ဆိုင်ပါ)နောက် လောင်းကစားဝိုင်းတွေ
အဲဒီကို ရောက်မှပဲ လေးကောင်ဂျင် ဆိုတာ ဘာလဲ၊ကလုန်းကလုန်း
ဆိုတာ ဘာပါလိမ့် ဆိုပြီး အထူးအဆန်းကြည့် ရတဲ့ ကျနော်တို့ဘ၀ လေ
(  မျက်နှာပြင် တဖက်စီမှာ ကျား၊နဂါး၊ဆင်၊ စတဲ့ အကောင်ပုံတွေ ဆွဲထားတဲ့ သစ်သားအံစာတုံး ပုံ (၃)တုံးကို  
တန်းပေါ်တင်ထားပြီး ကြိုးနဲ့တယောက်ကလှမ်း ဆွဲပြီး မျက်နှာပြင်မှာပေါ်တဲ့ အကောင်ကို ကြည့်ပြီး
အလျှော်အစားလုပ်တဲ့ ကစားနည်း) နောက်ဖဲ သုံးချပ် လောင်းကစားနည်း စုံလို့စုံလို့ကျနော် မမှတ်မိတော့တဲ့ ကစားနည်းပေါင်းစုံ လောင်းကစား ၀ါသနာပါတဲ့ သင်္ဘောသားတွေ သိန်းချီသောင်းချီ ကုန်တဲ့နေရာပေါ့ တနေလုံး တလလုံး ပင်ပင်ပန်းပန်းရှာဖွေ ထားတဲ့ ပိုက်ဆံကို တညတည်း၊တထိုင်တည်းနဲ့ မိုက်မဲစွာ သုံးဖြုန်းပစ်ကျတဲ့နေရာ ပေါ့
အားလုံးချုံပြောရရင် အင်မတန်မှ လောင်းကစား အသောက်အစားများ တဲ့မြို့လေးပေါ့
စကားမစပ်ပြောရရင် အဲဒီမြို့လေးမှာ မြို့နယ် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ကျနေတဲ့ ဥက္ကဌက
ကျနော်တို့မြို့ကနေ ပြောင်းသွားတာ လူချင်းမသိပေမဲ့ အဒေါ်လိုခင်တဲ့ တယောက်က မိတ်ဆက်ရင်းနဲ့
သူတို့အတွက် ရေချို ငါးရံ့ခြောက်လေး လက်ဆောင်သွားပေးခိုင်းတယ် နောက်
သူ့တို့အိမ်ရောက်သွားခဲ့တယ် နောက်ပိုင်း ခင်သွားမှ
သူ့(မိန်းမ)အမျိုးသမီးပြောတာမှ သိရတာပါ သူ့တို့ဈေးဝယ်သွားရင်းနဲ့ ဆိုင်တဆိုင်မှာ ပစ္စည်းတခုကို
ကြာကြာလေးကြည့်နေတာနဲ့တင် နောက်တနေ့ အဲဒီပစ္စည်း အိမ်ရောက်လာပြီတဲ့ ၀ယ်စရာမလိုဘူး
ဘယ်သူပို့မှန်းလဲ မသိဘူး ဆိုင်ကလာပို့သွားတာတဲ့ အားလုံးက သူဟာနဲ့သူရှိပြီးသားတဲ့ လာဘ် မစားဘူး
စာအုပ်ကြီး အတိုင်းပဲ  ညှိမရလို့တော့ အဲဒီလိုလူ နေရာ ထိုင်ခုံမမြဲဘူးသာ မှတ်တဲ့ ကဲ ဒါဆိုရင်တော့ မိတ်ဆွေ
သဘောပေါက်လောက်ပါပြီနော်  ဘယ်လိုလူတွေ ကော့သောင်းမြို့မှာကြီးစိုးတယ် ဆိုတာ
အခုအချိန်များရေးရင်  ရေးစရာတွေ တပုံတပင်ပေါ့ ကော့သောင်း အကြောင်းရေးရင် အရက်အကြောင်းလဲ
ပါရမယ် မြိတ်ကတ်ကြေးကိုက် လဲပါတယ် စင်းကားဘီယာလဲ ပါတယ် တော်တော်လေး ဆုံခဲ့ကျလေတယ်
ပျော်ခဲ့ကျတယ်
အဲဒီအချိန်က ကျနော်က အရက်မသောက်တတ်သေးဘူး ဘီယာတောင် နှစ်ဘူး လောက်ဆို မူးပြီ
ကျနော်တို့ ကမ်းကပ်တဲ့ တော်ဝင်ဆိပ်က မြို့နဲ့ လှမ်းတယ် မြို့သစ်လို အစွန်းအဖျားမှာရှိတယ်
စားသောက်ဆိုင် ဆိုတာကလဲ ကောင်းကောင်းရှိတာ မဟုတ် ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားတွေ
စားတဲ့ ထမင်းဆိုင်သာသာ သင်္ဘောမှာ ဟင်းမကောင်းရင် ဟင်းဝယ်ရတယ် ၄၀၀ ဘိုးဆို ကြက်သားဟင်း ရတယ်
 အရက်လား မမေးနဲ့ အားလုံးက ဇေ (၀ါ)ဇိမ် လို့ ခေါ်တဲ့ အရက်ဖြူပဲ သောက်ကျတာ
ကျနော်တို့တွေက  ဒေသအခေါ် (အဖုံးမဲ)သောက်လို့တောင် ဟိုဝိုင်းဒီဝိုင်းက ကွက်ကြည့်ကွက်ကြည့်
သူဌေးလားဆိုပြီး ဈေးကြီး အရက် မထင်နဲ့ အဖုံးမဲ ဆိုတာ ဂရင်းရွှိင်ရယ်က ထုတ်တဲ့ ၀ီစကီ အဖုံးအမဲ
(မှတ်မိသလောက် တပက်ကို ၁၅၀ လားမသိဘူးဗျ)
အခုချိန် ဆိုင်မှာ တွေ့ရင် ကိုင်တောင်မကြည့်ဘူး ပိုးဟပ်ချီးစော်နံပြီး နောက်တနေ့ကျရင် ခေါင်းကိုက်လွန်းလို့
ကဲ မိတ်ဆွေတို့ အားလုံးသဘောပေါက်ရောပေါ့
လူကြမ်းကြီးတွေကြားထဲက လူမဖြစ်တဖြစ် သင်္ဘောသား အလောင်းအလျာတို့ဘ၀ကို ကျနော်တော့
ပြောရင်းနဲ့ တောင် ငါ အဲလိုစုတ်ပြတ်သတ်တဲ့ ဘ၀မျိုးမှာလဲ ကျင်လည်ခဲ့ရပါလားလို့ တွေးမိတယ် ကျနော်တို့
အတွက် ခဏလို့ ပြောပေမဲ့ တသက်လုံး ဒီဘ၀မှာ ဇာတ်မြုပ်တော့မဲ့ ဘ၀တွေ အတွက်လဲ စိတ်မကောင်းဖြစ်ရုံ
လွဲလို့ ဘာမှမတတ်နိုင် အော် ဒါဟာ လူဘ၀ရဲ့ မညီမျှခြင်းတွေပဲလို့တွေးလိုက်မိတယ် ဒီလိုနဲ့ ညတွေလဲ
ကုန်ခဲ့တယ် ဆိုပါတော့ဗျာ
အဲ ကျန်သေးတယ် ဘီယာမူးမူးနဲ့ ဆိုင်ကယ်ကယ်ရီက မြို့ထဲကပြန်တယ် အချိန်က ၁၀နာရီခွဲ လူကရှင်းနေပြီ  
လေ ဘယ်ဆိုင်ကယ် ကယ်ရီမှမလိုက်ကျတော့ဘူး တော်ဝင်ဆိပ်ကမ်းကို ဘယ်လိုက်ရဲပ မလဲ လမ်းမှာက
လူပြတ်တယ် တချို့နေရာတွေက ခဏခဏ လုတယ် လူသတ်မှုဖြစ်သတဲ့လေ
ကျနော်တို့လဲ နယ်ခံမဟုတ်တော့ ဘယ်သိမလဲဗျာ ကျနော်နဲ့ အခုယူနီတင်းမှာ လိုက်နေတဲ့ ညီငယ်က
တော်တော်လေးဝေးတဲ့ မြို့မဈေးနားက အိုင်ပီစတား အင်တာနက် ဆိုင် ကို အွန်လိုင်း သွားသုံးတာ
လေ(တနာရီကို ၁၅၀၀ိ ကျပ်နဲ့ ဈေးကလဲကြီးပဗျာ) ရှင်းရှင်းပြောရရင် အချစ်ရူးထတဲ့ အချိန်ဆိုပါတော့
ကံကောင်းလို့ အသက်မပျောက်တာ  နောက်တော့ ရေချိုးတဲ့အိမ်က ကိုကျော်နိုင်က ကျနော်တို့
ဘယ်ကိုသွားသွား သူလိုက်ပို့တယ် နောက်ပြန်လာကြိုတယ် ကိုယ်တူကိုယ်သား အရွယ်လေးတွေ ဆိုတော့
စိတ်မချလို့တဲ့ ဒီလိုမျိုး သူတော်ကောင်း တွေလဲ ရှိသေးလို့ တော်ပါသေးရဲ့ ကော့သောင်းမြို့ရယ်
အခါအခွင့်သင့်ရင် အလည်တခေါက်လာချင်ပါသေးတယ်
အော် မေ့နေလို့ မိတ်ဆွေတို့သိချင်တာ တခုကျန်နေသေးတယ် ထင်တယ် လစ်မစ်ချန်း ဈေး အကျော်အနားမှာ
အိမ်ရှေ့ တံစက်မြိတ် အောက်မှာ မီးနီလေးတွေ ထွန်းထားတဲ့ လမ်းတိုလေး ရှိတယ် ဒေသအခေါ်
မီးနီတန်း(၀ါ)မီးနီလမ်း ပေါ့ အရိုင်းပန်း၊ နယ်ခြား ပန်း စတဲ့ နာမည် ဆန်းဆန်းတွေ ပေးထားကျတဲ့
မီးမှောင်မှောင်နဲ့ အိမ်တွေ ရှိတယ် စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ စာထဲကလို ယောင်္ကျား လေးဆိုတာ စုံမှ
ဆိုသူ တွေကတော့ ကိုယ်သဘောနဲ့ ကိုယ် အုပ်စုလိုက် ချီတက်ကျလေရဲ့ ကျနော်တို့လို ပညာသင်တွေသာ
သင်္ဘောစောင့် အနေနဲ့ကျန်ခဲ့ကျတာ များပါတယ် သင်္ဘောသား လုပ်မဲ့ ကိုယ်လူတွေလဲ ဒီလောက်ထိတော့ နုံ့
အလိမ့် မယ် လို့ မထင်ပါဘူးနော် ..
မျိုးငယ်

Friday, September 13, 2013

အိမ်မက်ထဲက သင်္ဘောသားကြီး(၄)




 ကျနော်သင်္ဘောရောက်တဲ့ အချိန်ကလဲ ရန်ကုန်ကနေ ကုန်တင်နေတုန်း ဆိုတော့ 

လူသစ် ဖြစ်တဲ့ ကျနော်က သူတို့ခိုင်းတာ မှန်သမျှ လုပ်ရတာပေါ့ ဒီအထိ ကျနော် 

စိတ်မပျက်ပါဘူးဗျာ ကျနော်လဲ ကြားဖူးနေကျ သင်္ဘောသား အလုပ်အကြောင်းဆိုတော့

သိပ်မထူးပါဘူး သင်္ဘောပေါ်စရောက်တဲ့သူမှန်လျှင် ခိုင်းတာမှန်သမျှ ကုန်းကျုံး 

လုပ်တာရတာ ထုံးစံပဲ  ကျနော် စကားမစပ်ပြောရရင် ကျနော် စီးနေတဲ့ သင်္ဘောမှာ 

အင်ဂျင်ကနေ လုပ်သက်ယူတာ ကျနော်တယောက်တည်းဗျ ကျန်တဲ့ 

ပညာသင်ယူနေတာတွေက ကုန်းပတ်က ဆိုတော့ ကမ်းရိုးတန်းဆားဗစ် (၁)နှစ်ကို 

ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လာယူနေကျတာဗျ ဘာကြောင့် ဒီလိုရေးရလဲ 

ဆိုတာကို နောက်ပိုင်းရေးပါမယ် ကျနော် ပုံစံ က အသားဖြူဖြူ၊ခပ်နုနု ဆိုတော့ ကျန်တဲ့ 

ပညာသင်တွေ မျက်လုံးထဲ ဒေါင့် မကျိုးဖူး၊၊   ၊၊

သင်္ဘောသား စကားပြော ရရင် ပုံမကျဖူး၊ မိုးကျရွှေကိုယ်ကောင်လို့ ထင်မှာ 

အသေအချာပဲ ထားတော့ ကျနော်တို့ကို အိပ်ဘို့ ပေးထားတဲ့ နေရာကို ပြောပြမယ်

အလျား ၇ ပေ အနံ ၇ ပေ လောက် ရှိတဲ့ အခန်းကျဉ်းလေးထဲမှာ ကုတင်ကို 

သံအန်ဂလန်နဲ့ ဘောင်ကွက်ထားပြီး ငါးထပ်သားကို အပေါ်က ကပ်ထူ 

စက္ကူပြားခင်းပေးထားတယ် အပေါ်အောက်နှစ်ဆင့် ကုတင် စုစုပေါင်း(၆) ယောက်အိပ် 

ရသတဲ့ ကျနော် ရောက်တဲ့ အချိန်မှာ ကျန်တဲ့သူ နှစ်ယောက်က 

ခွင့်ယူထားသလား၊အလုပ်ထွက်သလား မသိပါဖူး သူတို့နေရာက လွတ်နေတယ် 

ကျန်တဲ့ ကျနော်အခန်းမှာ အသက် (၅၀)ကျော် ဆီလောင်းကြီးရယ်၊သူကိုသူ 

စစ်ပြေးလို့ ပြောတဲ့ တယောက်ရယ်၊စာ လုံးဝမတတ်တဲ့ တယောက်ရယ်၊ သူဌေး ညီ 

စာရေးရဲ့ လက်တိုလက်တောင်းတယောက်ရယ် ပေါင်း(၄)ယောက် 

အထက်အောက် ခေါင်းချင်းဆိုင်စွာ အိပ်ရပါလေ သည်၊၊ 

ပထမဆုံး ညမှာပဲ စတင် ဒုက္ခပေးတာက တ၀ီဝီနဲ့ ချီတက်ပျံသန်းလာတဲ့ 

ခြင်တပ်မတော်ကြီး၊နောက် သင်္ဘောကြမ်းပိုး လို့ ခေါ်ကျတဲ့ 

အဖြူကောင် သေးသေးလေးတွေ၊ ပိုးဟပ် ဆိုတာကတော့ မျက်နှာပေါ် အိပ်နေတုန်း 

ဖြတ်ဖြတ်ပြေးလွန်းအား ကြီးလို့ တရုတ်သိုင်းကားတွေ ထဲကလို 

ဝါးစားဖြစ်လိုက်ချင်တယ်

စဉ်းစားကြည့်လေ ကြည့်မြင်တိုင် ဆိပ်ကမ်း ဆိုတာ တညလုံး အလုပ်လုပ်နေတဲ့ 

ဆိပ်ကမ်း၊ ကုန်ထမ်းသမားတွေရဲ့ “ဘေးကို ဘေးကို” ဆိုတဲ့ အသံတွေနဲ့ 

တညလုံးဆူညံနေတဲ့ နေရာ၊  ညဘက်ကျမှ ဧရာဝတီ မြစ်ဝကျွန်းပေါ်က လာတဲ့ 

ငှက်ပျောသီး၊အုန်းသီး၊စတဲ့ ကုန်စိမ်းတွေကို သယ်ပိုး နေတဲ့ ကုန်တင်ကုန်ချ 

အလုပ်သမားတွေနဲ့ ဆူလို့ညံလို့ ပေါ့ ဒီလိုညများကို ဘယ်လောက်များများ 

ဖြတ်ကျော် ရအုံးမလဲ လို့ စိတ်ထဲမှာ တွေးလိုက်မိတယ်  

 ကျနော် စောစောပိုင်းက ပြောသလို  အိမ်မက်ထဲက သင်္ဘောသားကြီး ဆိုတာ အရာရှိ 

ဝတ်စုံ အဖြူပေါ်မှာ ပုခုံးပေါ်က ဘား(လိုင်းစင်း)တွေနဲ့ မှန်ဘီလူး တလက်နဲ့ 

ဟိုကြည့်ဒီကြည့်လုပ်နေတဲ့  သင်္ဘောသားကြီး ကိုဝင်းဦး(တိမ်လွှာမို့မို့လွင် 

ရုပ်ရှင်ဇာတ်ကား ထဲ က မင်းသား) သူကို အားကျမိတဲ့  ကျနော်ခမျာ မှာတော့ 

ကံမကောင်း အကြောင်းမလှစွာနဲ့ ဆိမ်ကမ်းကုန်တင်ကုန်ချ အလုပ်ကြမ်း သမား 

ဖြစ်နေပါ ပေါ့လား လို့ တွေးမိရင်း

 ရွှေဝါထွန်း ဆန်ခပ်ကြမ်းကြမ်းကို အိမ်ကပါလာတဲ့ ငပိကြော်လေးနဲ့ 

ကြိတ်ဝါးလိုက်မိတယ် ဘေးနားမှာလဲ သောက်ရေခွက်ကို ဘေးနားချလို့ပေါ့၊၊    ၊၊

ဆက်ပါအုံးမယ်နော်

မျိုးငယ်(၁၀.၉.၂၀၁၃)

Monday, September 2, 2013

အိမ်မက်ထဲက သင်္ဘောသားကြီး (၃)



ကျနော် ကိုယ်တွေ့ကြုံခဲ့တဲ့ အဖြစ်လေးတွေကိုပဲ ရေးမှာဖြစ်လို့ 

ဆိုးခ၊ဲ့ပေခဲ့တာလေးတွေလဲ ပါကောင်းပါနိုင်တယ် ကျနော်ကို အပြင်မှာ 

လူချင်းရင်းနှီးနေတဲ့ သူတွေ၊သူငယ်ချင်းတွေက ဟုတ်ရဲ့လားလို့ ထင်ချင် 

ထင်ကျလိမ့်မယ်( စာရေးဆရာကြီး ဦးမင်းဒင် ပြောသလို နူိုင်ငံခြားစာရေးဆရာကြီး 

ဆာအာသာကိုနင်ထရွိင်းက ရှားလော့ဟုမ်းစုံထောက်ဝတ္တုကို 

စိတ်ကူးဖန်တီးရေးသလိုပေါ့ လို့ ဖြေရမလို ဖြစ်နေပြီဗျာ)လောလောဆယ် ၀န်ခံတယ် 

ကျနော် ကိုယ်တိုင်လဲ လူကောင်းတယောက်လိုလဲ မသတ်မှတ်ထားပါဖူး (မှတ်ချက်၊၊  ၊၊ 

ကိုယ်ဂုဏ်ကိုယ်ဖေါ် မသူတော် လို့တော့ မသတ်မှတ်ကျပါနဲ့ဗျာ) ကျနော် 

ဆက်ရေးချင်တာတွေကတော့ အစုံပါပဲ ရေးတဲ့ စာကို အချိန်ပေးဖတ်တဲ့ 

သူငယ်ချင်းတွေအတွက် အကျိုးရှိမှသာ ကျနော် စာရေးရကျိုးနပ်မှာပါ ဒါကြောင့် 

အခြားအခြားသော အကြောင်းအရာ များကို

ဖြုတ်ချပြီး အခုမှ ရေကြောင်းလောကကို ခြေစုံပစ်ဝင်မဲ့ ညီအစ်ကိုများ အတွက် 

ကိုယ်ဝါသနာ၊ကိုယ်ရဲ့ အကြိုက်နဲ့ ကိုက်ညီမှု ရှိ၊မရှိ သိနိုင်အောင်လို့ ရေးခြင်းပါ၊၊   ၊၊

ကျနော် က တော့ မြင်တဲ့ အဖြစ်အပျက်၊ခံစားမှုလေးတွေ၊အမြင်လေးတွေကို 

ရှထောင့်ပေါင်းစုံကနေ ရေးတတ်ချင်ပေမဲ့

ကိုယ့် ပင်လယ်ပြင် အတွေ့အကြုံရယ်၊ ကိုယ်ရဲ့ စာရေးဟန်က သိပ်ပြောင်းလဲလို့ 

မရနိုင်လို့ ကျနော်ကို နည်းနည်းလေး နားလည်ပေးစေချင်ပါတယ် 

(အခုရေးနေတဲ့ပုံစံကို ကျနော်ရေးတတ်သလို ရေးပေမဲ့ ကျနော်ကို အချို့က 

မင်းက တော်တော် သိနေလို့လား ၊ဆရာကြီးလား ၊မင်းက ဘာရာထူးမို့လို့လဲ လို့ 

အချို့သော စာဖတ်သူ စိတ်ထဲမှာ ဒွိဟ ဖြစ်ကောင်းဖြစ်နိုင်မယ် ဒါပေမဲ့ ကျနော် အနေနဲ့ 

ဒါတွေကို ဂရုစိုက် တုန်ပြန်ဖြေရှင်းမှာ မဟုတ်ပါ ကျနော် ၀ါသနာ အတိုင်းလေးပဲ 

လူတွေကို ပျော်စေလိုတယ်၊မှားခဲ့ ဖူးရင်လဲ နောက်လူ မမှားစေချင်တဲ့ စေတနာ 

သက်သက်ရယ်ပါ ကျန်တာတော့ ရသမြောက်အောင် ရေးသားရခြင်းပါ)

ကျနော် ရေး ပြီးခဲ့တဲ့ အပိုင်း(၂၄)ကနေ ပြန်ဆက်မယ်ဗျာ ဒီလိုနဲ့ အေးဂျင့် ဆိုတဲ့ 

သူတော်ကောင်းကြီး တဦးနဲ့ ဆုံမိပြီး သင်္ဘောတစီးနဲ့ ပင်လယ်ပြင် လုပ်သက်(၂)လ 

ရယူဘို့ အခွင့်အရေးရပါတယ် ဒါနဲ့ စကားဖြတ်ပြောရအုံးမယ် 

ပင်လယ်ပြင်လုပ်သက်ရယူဘို့ အတွက် 

သူတော်ကောင်းကြီးတွေကို ပေးရတဲ့ ပေါက်ဈေးကို ပြန်ပြောမယ်နော် လူကိုယ်တိုင် 

လိုက်ရင် (၁)သိန်းခွဲ၊ လူမလိုက်ရင် (၃)သိန်းတဲ့ ပွဲစား စကားနဲ့ ရှင်းအောင်ပြောရရင် 

မင်းတို့လူလိုက် ပြီးစီးရင် ပင်ပန်းမယ်

စားရေးသောက်ရေး ခက်ခဲမယ်၊မလိုက်ဘဲ စာရွက်ပဲ စီးလိုက် ဒါဆို 

မင်းတို့သက်သာမယ်၊အ၀င်အထွက် တုံး ကိစ္စတွေ၊ ကျန်တာတွေက 

ငါတာဝန်ထားပါတဲ့ 

ဒါဆိုရှင်းရောပေါ့ ကျန်တာတော့ မပြောဖူးနော် ဘယ်မှာလဲ 

ပင်လယ်ပြင်အတွေ့အကြုံ၊ဘယ်မှာလဲ အသုံးချ အင်ဂျင်နီယာ ပညာ ထားလိုက်တော့

ဒါနဲ့ ကျနော်ကတော့ ပင်လယ်ဆိုတဲ့ အရသာသစ်ကို ခံစားဘို့ ကြည့်မြင်တိုင် 

ဆိပ်ကမ်း ကနေ အိပ်ယာလိပ် ထုပ်ကြီးကို မာန်ပါပါ ကိုင်ပြီး သူတို့ အခေါ် 

သံခွန်သင်္ဘော(ကျနော် မြင်တာကတော့ စက်လှေ အကြီးစား)ပေါ်ကို ဗျက် အားဖြင့် 

လက်တထွာ လောက်ရှိတဲ့ ကုန်းဘောင်ပေါ်ကနေ အထစ်အငေါ့ မရှိ 

တက်ရလေသတည်း ဟဲ ဟဲ

ဒီမှာ ကျနော် ပြောချင်တာ ကျနော် ပင်လယ်ပြင်လုပ်သက်ရယူခဲ့ရတဲ့ သင်္ဘော 

အကြောင်းပါ ဘာပဲဖြစ်ဖြစ် ကျနော် သူများတွေ နဲ့ ယှဉ်ရင် 

ကံကောင်းတယ်လို့ ပြောရမယ် ကျနော်စီးတဲ့ သင်္ဘောက ကမ်းရိုးတန်းလောကမှာ 

အကြီးဆုံးလို့ ပြောလို့ရတဲ့ သင်္ဘောတစီးပါ တချိန်က ဌာန ဆိုင်ရာပိုင် ရေနံတင် 

သင်္ဘောကြီးကိုကုန်တင်သင်္ဘောအဖြစ် ပြောင်းထားတဲ့ သင်္ဘောပါ 

သင်္ဘော အင်ဂျင်ကတော့ ကား (၁၂)ဘီး ကားအင်ဂျင်ကို ၀င်ရိုးနဲ့ 

ချိန်ဆက်ပြီး မောင်းပါတယ် လွယ်လွယ်ပြောရရင်

ကားအင်ဂျင်နှစ်လုံး၊ပန်ကာ နှစ်လက်ပါ၊ မီးစက်ကတော့ တရုတ်နီလက်လှည့်နဲ့ ဒိုင်နမို 

တွဲထားတယ်  ရန်ကုန်-ကော့သောင်း ခရီးစဉ်မှာ ကျနော် လိုက်ပါ 

လုပ်သက်ရယူခွင့်ရတာပါ ကျနော် လဲ MSU ဘလော့ မှာ စာတွေဖတ်နေကျ ဆိုတော့

အခြား စာရေးဖေါ် ညီအကိုတွေရေးတဲ့ ပို့စ်တွေမှာပါပြီးသားတွေမို့ 

အကျယ်မရေးတော့ပါဖူးနော်(ဖတ်ချင်ရင်တော့ ကမ်းရိုးတန်းသွား တောလား ဆိုတဲ့ 

ပို့စ်ကို ရှာ ဖတ်ပါ ရေးသူ နာမည်တော့ မမှတ်မိတော့ပါ)ဒါနဲ့ပြောအုံးမယ် ကျနော်

သင်္ဘောမှာ သက်ကယ်လှေ(Life Boat)မပါဘူး၊သက်ကယ်ဖောင်ဆိုတာကလဲ ဘယ်လို 

သုံးလဲတောင် မသိသေးတဲ့ တဲ့ လူသစ်တွေပါ ကျနော်က ဘာလို့ 

သက်ကယ်လှေမပါလဲ လျှာရှည်မိတော့မှ ပိုင်ရှင်က ကုန်ပိုတင်နို်င်လို့တဲ့ မှတ်ကရော

 အင်း ဒါနဲ့ သောက်ရတဲ့ရေလား ဘယ်နှစ်ဘယ်ကာလက 

မဆေးမှန်းမသိတဲ့ ရေတန့်(Tank)ထဲက ရေကို သောက်နေရတာ ဒါနဲ့ ကျနော်နဲ့ 

သူငယ်ချင်းတယောက်စုပြီး ရေသန့် လီတာနှစ်ဆယ်ဝင် ရေဗူးကြီးတင်ထားရတယ်

ကျန်တဲ့ သူတွေကတော့ မသိဖူး ဘာလို့လဲ ဆိုတော့ သောက်ရေအိုးကခွက် ကို 

လူပေါင်းစုံကနေ သောက်နေတာလေ သင်္ဘောသား ဖြစ်၊မဖြစ်တော့ မသိဖူး 

အသည်းရောင် အသားဝါ ဘီ ပိုး ကူးစက်ခံရမှာတော့ သေချာ 

သလောက်ပဲ နောက်တခုက အရေးရယ် အကြောင်းရယ်ရှိခဲ့ရင် ဒီရေဗူးကြီးက ကိုယ်ရဲ့ 

ကယ်တင်ရှင် ဖြစ်မှာလေ မဟုတ်လားဗျာ(ရေဗူးကြီးကို ဖက်ပြီးရေထဲ 

ဆင်းရမှာကို ပြောတာနော်)

မျိုးငယ်(၂.၉.၂၀၁၃)

Saturday, August 31, 2013

အိမ်မက်ထဲက သင်္ဘောသားကြီး(၂)





 ကျနော်က ဆက်ပါအုံးမယ် ကတိပေးထားတာ ဆိုတော့လဲ ထပ်ရေးအုံးမယ်နော် 

မဖတ်ချင်လဲ ကျော်သာ ဖတ် သွားပါတော့ဗျာ

ကျနော် ဘ၀က အဆန်းတော့ အဆန်းသား၊၊ မျိုးရိုးထဲ မှာ တယောက်မျှ

သင်္ဘောသား မရှိဘဲ သင်္ဘောသားဖြစ်ရတဲ့ ဘ၀ ၊၊  ဘကြီးဖြစ်သူက

ကျနော် ဒေါက်ဆားဗစ် ယူနေတာ ကြာပြီဆိုတာကို သူက သိနေတယ်လေ သူ့ရဲ့ အားပေးပုံက အားရစရာ 

မင်းသင်္ဘောက ဘယ်တော့တက်ရမှာလဲကွာ ငါပြောသလို ရေဒီယိုပြင်သင်တန်းတို့၊တီဗီပြင် သင်တန်းတို့ 

တက်ပြီး ပြင်စားရင်တောင် ထမင်း မငတ်ပါဘူးကွတဲ့  ကျနော်အဖြစ်က အဲလို မှတ်သားလောက်တယ် 

သူတို့သိထားတဲ့ သင်္ဘောဆိုတာက  အလုံးလား အပြားလား တကယ်တန်းတော့ ကျနော်ကိုယ်တိုင်လဲ

သင်္ဘောဆိုတာပဲသိတာ သင်္ဘောသားရဲ့ အလုပ်၊စိတ်ဓါတ်၊ပင်ပန်းမှု ဆိုတာ တွေကို သိပ်မသိသေးဘူးလေ 

စက်ရုံမှာလိုပဲ ပြင်စရာရှိပြင်၊နားစရာရှိ နား ၊ကမ်းရောက်ရင်  ရှိုးပတ်နဲ့ ဈေးဝယ်ထွက်၊

ဂျပန်လို နိုင်ငံရောက်ရင် ဂျာကူဇီလို့ ခေါ်တဲ့ ရေနွေးစိမ်ခန်း တွေမှာ

စိမ်မယ်ပေါ့လေ စိတ်ကူး တွေ တလှေကြီး ယဉ်နေလိုက်တာများ ပြန်တွေးကြည့်ရင် ပျော်စရာလို့ပဲ

တွေးရမလား၊ဒါမှမဟုတ် အဲဒီချိန်ထဲက စိတ်ပြောင်းသွားခဲ့ရင် ငါ ဒီလို ဘ၀မျိုး ဖြစ်မှာ

မဟုတ်ဖူးလို့ နောင်တတော့ တခါတခါ ရမိသား(ကျနော် သူငယ်ချင်းပြော သလို သူရဲ့ ကောင်မလေးကို 

သင်္ဘောသား ဘ၀ကို နားလည်စေချင်လို့ သင်္ဘောသား စာရေးဆရာ အချို့ရဲ့ 

စာအုပ်တွေ ပေးဖတ်တယ်တဲ့

သူ့ကောင်မလေးက နောက်တနေ့ ကျတော့ ဘာပြောတယ် ထင်လဲတဲ့ သင်္ဘောသားတွေက အားရင်

အရက်သောက်ရင်သောက်၊ မသောက်ရင် ကလပ်သွားပြီး ကဲနေကျတာတွေ ချည်းပဲတဲ့

ကျနော်သူငယ်ချင်းလဲ ဘာပြန်ပြောရမှန်း မသိတော့ဘူးတဲ့ သူရဲ့ လုပ်ရပ် အမှားလေးကို 

ပြန်ပြောတာပါ)

အင်း ဟုတ်တယ် ကျနော်တို့ ကိုယ်တိုင်လဲ ဒီလို လွတ်လပ် တဲ့ ဘ၀ကို တပ်မက်လို့ ပင်လယ်ပျော် ဘ၀ ကို

ရွေးချယ်ခဲ့တာ၊ခုံမင်ခဲ့တာ  ငြင်းမရပါဘူးဗျာ တကယ်တော့ ကျနော်တို့ ပင်လယ်ပျော်ဘ၀ရဲ့

ပျော်ရွှင်မှုတွေက အိုစမာ ဘင်လာဒင် ရဲ့ (Twin Tower Attack (911))တိုက်ခိုက်မှု ဖြစ်စဉ် ပြီးနောက် 

ဆိတ်သုဉ်းသွားခဲ့ရပါတယ် အမေရိကန်တွေကလဲ ချက်ချင်း 

သူတို့နိုင်ငံ(အမေရိကန်)ကို လေယာဉ်လိုမျိုး၊ဆီတင် သင်္ဘောကြီးတွေ(VLCC )လိုမျိုး သင်္ဘောကြီးတွေ နဲ့  
 ဆိပ်ကမ်းတွေကို အတင်းဝင်တိုက်ခိုက်ရင် ဆိုတဲ့ အတွေးက စ လိုက်တဲ့(ISPS code)လို့ခေါ်တဲ့ 

ဥပဒေတွေ၊မူဝါဒတွေ ဟာကျနော်တို့ အတွက် ကမ်းရောက်လို့လဲ မဆင်းရတဲ့ ဘ၀၊ သူတို့လေးတွေလဲ 

ဆိပ်ကမ်းထဲတောင်လာလို့မရတဲ့ ဘ၀ မြင်သာမြင်၊ မကြင်ရတဲ့ ဘ၀တွေပါဗျာ(ထင်သာမြင်သာ 

သိပြီးသားတွေမို့အကျယ်မရေးတော့ပါ)ထားတော့ဗျာ

 သင်္ဘောသားမဖြစ်ခင်က ဘာမဟုတ်ညာမဟုတ်အလောင်းအလျာဘ၀ ကို ပြန်သွားမယ်ဗျာ တော်ကြာ 

ဖတ်ရတာ တောင်ရောက်မြောက်ရောက်နဲ့ကိုရီးယားကား ကောင်းတုံး ကြော်ငြာ ၀င်သလို 

ဆန့်တငင်ငင်ကြီး

ကျနော်တို့တုန်းက J.E(M.O.T Second Class Part A) အောင်ပြီးရင် E.E.R(Effiency Engine

Room)မဖြစ်မနေ တက်ရတယ်ဗျ ဒါမှလဲ ဆီလောင်း(Oiler)နဲ့ တက်လို့ရတယ် နို့မို့ဆို 

ဆီသုတ်(Wiper)နဲ့ ပဲလိုက်ရတယ် အဲမှာပြောချင်တာ ရှိတယ် သင်တန်းကတော့ တက်လို့ရတယ် 

လက်မှတ်ကထုတ်မရဘူး ဘာကြောင့်လဲ ဆိုတော့ ပင်လယ်ပြင်လုပ်သက်(၂)လ မရှိလို့တဲ့ ကျနော်တို့က

ဘယ်လိုလုပ်ရှိမလဲ ဒေါက်ဆင်းပြီး စာမေးပွဲ ဖြေပြီး အောင်တော့ သင်တန်းတက်တယ် ဘယ်က

သင်္ဘောကို ဘယ်လို သွားတက်ရမလဲ စဉ်းစားကြည့်လေ ကျနော်ပြောတာ အကြောင်းမဲ့

မဟုတ်ဖူးနော်

ကိုယ် ရွှေနိုင်ငံက ချမှတ်လိုက်တဲ့ စည်းကမ်းကန့်သတ်ချက်တွေက  တခါတလေ ပွဲစား(broker)ဆိုတဲ့

လူတန်းစားကို မွေးထုတ်ပေးနေ သလိုမျိုး ဖြစ်ဖြစ်နေတာကို သိစေချင်တာပါ ဒီလိုနဲ့ကမ်းရိုးတန်း ဆားဗစ်

ယူရမယ် ဆိုပြန်တယ် ကဲ ဘာဟဲ့ ယောင်္ကျား ငါဟဲ့ သင်္ဘောသားဆိုပြီး

ကိုင်းတန်း-ကလီဆိပ်ခံဘောတံတား၊မော်တင်ဆိပ်ခံ၊ဘုရင့်နောင် ဆိပ်ကမ်း တို့ကို 

စက်လှေတွေကြားတစီးပြီး တစီးတက် ကျနော်တို့ကို ပညာသင် အဖြစ် လက်ခံပေးပါ ကျောတခင်းစာနဲ့ 

ကိုယ်စားရိတ်ကိုယ်စားပြီး အလုပ်လုပ်ပါမယ် ပင်လယ်ပြင်လုပ်သက်လေး လိုချင်လို့ပါ ဆိုပြီး

သင်္ဘောရှာပုံ တော် ထွက်ရတဲ့ ကျနော်တို့ သူငယ်ချင်း တစု ကို မိတ်ဆွေတို့ စဉ်းစားကြည့် ကျောင်းသား

ပုံစံမပျောက်၊ သင်္ဘောသား ဂိုက် မပေါက်သေးတဲ့ ကျနော်တို့ အုပ်စုကို ဘယ် သင်္ဘောစာရေးက မှ 

အဖက်လုပ်ပြီးအလုပ်မပေးခဲ့ကျဖူး၊ ဒီကြားထဲ စကားပြောတာက လဲ ခပ်ရိုင်းရိုင်း မင်းတို့ကောင်တွေ

ဘာလုပ်တတ်လို့လဲတဲ့ မေးပုံက ရိုက်ပေါက် စိတ်ကို တော်တော်ထိန်းခဲ့ရတယ်(အဲဒီ အချိန်တုံးက

စိတ်ထဲကနေ ပြန် ပြောပါတယ် ခွီးးးပဲ သူတို့ သင်္ဘော တစီးလုံး ရှိတဲ့သူတွေ

အတန်းပညာပေါင်းရင်တောင် (၁၀)တန်း ပြည့်ရဲ့လားလို့ မှတ်တေး ထားမိသေးတယ် ခုတော့

ပြန်တွေးကြည့်တော့ ရယ်စရာကြီး လူလူချင်း အဆင့်အတန်း ခွဲတာမဟုတ်ပါဘူး 

ငယ်စိတ်ကို ပြောတာပါ)ဒါနဲ့ လူကြီး တယောက်က အကြံပေးလို့ သင်္ဘောရဲ့

ရုံးပိုင်းဆိုင်ရာတွေကို ပိုက်ဆံယူပြီး အလုပ်လုပ်ပေးနေတဲ့ အေးဂျင့် ဆိုတဲ့ သူတွေကို သွားရှာရတယ်

ကိုယ်တွေ စီးဘို့ ရှာရတဲ့သင်္ဘောကလဲ သံခွန် ဆိုတော့ လူများတော့ တန်းစီ ပြီး 

အလှည့် စောင့်ရသေးတယ်(အော် ဘ၀ ဘ၀ )ပိုက်ဆံပေးပြီး ကျွန်ခံပါမယ် ဆိုတာတောင် နေရာလပ် 

မရှိလို့ စောင့်ပါအုံးတဲ့

အဲဒီအချိန်တုန်းက   ဘယ်မှာလဲ သင်္ဘောသားနဲ့ဆိုင်တဲ့ ဘယ်အဖွဲ့အစည်း ညာအဖွဲ့အစည်း တွေ


တကယ်ဆို ကိုယ်နိုင်ငံရဲ့ ရေကြောင်းလောက ကို တိုးတက်စေချင်ရင် အဲဒီ အချိန်တည်းက


လမ်းမှန်ကမ်းမှန် ကူညီမယ် ဆိုရင် ကျနော်တို့တွေ ဒီထက်ပိုပြီး တိုးတက်အောင်မြင်မှာပါ သင်္ဘောက


ပြန်လာတော့မှ ဟိုအဖွဲ့အစည်းက ၀င်ရမယ်၊ဒီ အဖွဲ့အစည်းက ကဒ်မရှိလို့ မဖြစ်ဘူး ဆိုတော့


တခါတလေ သူတို့က ငါတို့ကို ဘာတွေများ လုပ်ပေးပြီးပြီလဲ လို့ စဉ်းစားမိတယ် စိတ်

အချဉ်ပေါက်မိတယ် တကယ်ပါဗျာ ဆက်ရေးရအုံးမယ် ဆိုလဲ ပေါက်ကွဲ သံစဉ်တွေများ

လာလိမ့်မယ်ဗျာ ခဏနားအုံးစို့  ဟဲ ဟဲ

မျိုးငယ်(၂၇.၈.၂၀၁၃)
ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ